လာဘ်ရွှင် လာဘ်ပွင့်စေသော ‌‌‌‌‌‌‌‌‌‌‌‌ရှင်သီဝလိ ဂါထာ

@ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏
ဆွေတော်မျိုးတော်ဖြစ်သော ကောလိယသာကီဝင်မင်းသားနှင့် သုပ္ပဝါသာ သာကီဝင်မင်းသမီးတို့သည် ရှင်သီဝလီမထေရ်မြတ်၏ ခမည်းတော်နှင့် မယ်တော် မိဘနှစ်ပါး ဖြစ်လေသည်။
ရှင်သီဝလီမထေရ်မြတ်အလောင်း သန္ဓေတော် ခ နေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာဆက်သကြသူများပြားလျက် လာဘ်ရွှင်ခြင်း၏အစ နိမိတ်ပြခဲ့သည်။ ပစ္စည်းဥစ္စာ ရတနာဘဏ္ဍာတိုက်တွင်းမှ ထုတ်ယူသုံးစွဲသော်လည်း ပြည့်မြဲ ပြည့်လျက်သာ၊ ကုန်ခန်းသွားသည် မရှိ၊ လာဘ်လာဘ ပြည့်ဝခြင်းဖြင့် ကောင်းခြင်းများစွာ အကျိုးပြုခဲ့လေ၏။
သို့သော် ၁၀-လနှင့်လည်းမဖွား။ လ-၂ဝနှင့်လည်း မဖွားဘဲ သမားတော်ကြီးများပင် ဉာဏ်မြင်သမျှ ရောဂါရှာကြသော်လည်း ရောဂါမတွေ့၊ ဝေဒနာ မရှိ၊ ခုနစ်နှစ် တိတိကြာလေတော့သည်။
ထိုခုနစ်နှစ်မှ လွန်မြောက် ခုနစ်လ ရောက်သောအခါမှာမူ သုပ္ပဝါသာ မင်းသမီးမှာ ကမ္မဇလေ လှုပ်ရှားပြီး ဗိုက်နာ၍ လာသော်ငြား မွေးဖွားမည့်ပုံ မပေါ်၊ အချီတော် အချော့တော် နန်းတော်မှာ ခစားကြကုန်သော သမားအကျော် ဟူရားတော်များနှင့်တကွ လက်သည်တော် မောင်းမများ ပြုစုကြငြားသော်လည်း မထူး၍
သက်သာဖြစ်မလာဘဲ နာမြဲနာနေရာ ခုနစ်ရက် ပြည့်သည့်နေ့၌ မအောင့်နိုင်ဘဲ ကောလိယမင်းသားကို မြတ်စွာဘုရားထံ စေလွှတ်၍ ဝေဒနာကို ကယ်မတော်မူပါရန် လျှောက်တင်ခိုင်းလေသည်။ ကောလိယမင်းသားလည်း မြတ်စွာဘုရား၏ နှမတော်သော သုပ္ပဝါသာ မင်းသမီး၏ အဖြစ်ကို သွားရောက် လျှောက်ထားရာ -
“သုပ္ပဝါသာသည် သားရတနာကို ချမ်းသာစွာ ဖွားမြင်လိမ့်မည်” ဟု အမိန့်တော် ရှိလိုက်ရာ ကောလိယမင်းသား အိမ်တော်ပြန်ရောက်သောအခါ သုပ္ပဝါသာသာ သားရတနာကို ဖွားမြင်ပြီး ဖြစ်နေသည်ကို ဝမ်းမြောက်စွာ တွေ့ရလေတော့သည်။ မြတ်စွာဘုရားက ချမ်းသာသွာ မွေးဖွားလိမ့်မည်ဟု ပြောသောစကားအရ “သီဝလိ”ဟူသော အမည်ကို ပေးလိုက်ကြလေသည်။
အမိဝမ်းတွင်းမှာ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်တိတိ နေခဲ့ရသော သီဝလိ သတို့သားမှာ မွေးဖွား သန့်စင်သည်နှင့် တစ်ပြိုင်နက် ခုနစ်နှစ်အရွယ်ပမာဏ ရုတ်တရက်ပြောင်းလဲခဲ့သည်ဖြစ်ရာ သိတတ်၊ ရှက်တတ်သောအရွယ်တော်သို့ ရောက်ရှိလာခဲ့လေသည်။ မီးဖွားသန့်စင်ပြီး ခုနစ်ရက်ကျော်လွန်သောအခါ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား အိမ်တော်သို့ ပင့်ဖတ်ပြီး သီဝလိကလေးအတွက်ဆွမ်းကပ်လှူဒါန်း ကြသည်။
ထိုဆွမ်းကပ်လှူပွဲတွင် ရှင်သာရိပုတ္တရာက အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဒုက္ခကို သိပါလျှင် တရားချမ်းသာရရန် ရဟန်းပြုသင့်ကြောင်း တရားဟောလေရာ သီဝလိသတို့သားမှာ မိဘနှစ်ပါးထံ ခွင့်ပန်၍ သာသနာ့အမွေ ခံယူလေတော့သည်။
ရှင်သာရိပုတ္တရာသည် သီဝလိသတို့သားလေးကို ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချပေးလေရာ ဆံချပြီးသည်နှင့် တစ်ပြိုင်နက် အာသဝေကုန်ခမ်း၍ ရဟန္တာဖြစ်သွားလေ တော့သည်။
လှူဒါန်းသူ ပေါများလှ၍ လာဘ်လာရွှင်လန်းသဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအဝင် “လာဘ်လာဘ ဧတဒဂ်ရ -ရှင်သီဝလိ” ဟု မြတ်စွာဘုရားက အသိအမှတ်ပြု မိန့်တော်မူသည်က စ၍ “ရှင်သီဝလိ ပရိတ်ဂါထာ မန္တာန်တော်” ဟု ဖြစ်ပေါ်ရွတ်ဆိုပွားများခဲ့ကြပါသည်။

Пікірлер

    Келесі